မြန်မာ့စစ်အာဏာရှင် စံနစ် နေ၀င်ချိန်ရောက်ပြီလော

Sunday, May 25, 2008

မြန်မာ့စစ်အာဏာရှင် စံနစ်ဆိုးကို မျိုးစေ့ချခဲ့သူမှာ ဦးနေ၀င်းဖြစ်သည်၊ မိမိကိုယ်တိုင် အရည်အသွေးမဲ့သည်ကို ဖုံးကွယ်ရန် ပြည်သူ့ ရင်သွေးများဖြင့် ဖွဲ့စည်းခဲ့သော တပ်မတော်ကို ခါးပိုက်ဆောင်တပ်အသွင် ပြောင်းလဲကာ တလျှောက်လုံး ရက်စက် ပြခဲ့သည်၊ ဘုန်းကြီး ကျောင်းသား ပြည်သူကို စစ်သားနှင့် ရန်သူအသွင် အရောင်ဆိုး အိမ်ကြက်ချင်း အိုးမည်းသုတ်ကာ သွေးခွဲအုပ်ချုပ်ခဲ့သည်မှာ ရာစုနှစ် တ၀က်တိတိ ကျိုးခဲ့ပြီ၊

ယင်း အကျိုးဆက်ကား ခါးပိုက်ဆောင်တပ်မှ ငယ်မွေးခြံပေါက် ဦးသန်းရွှေခေါင်းဆောင်သော မိစ္ဆာဒိဌိ လက်ထက်တွင် အတောက်ပြောင် အလင်းလက်ဆုံးသော ခေတ်သစ် ဖက်ဆစ် စစ်အုပ်စုကို မြန်မာ့နိုင်ငံရေး ဇာတ်ခုံတွင် စင်တင်နိုင်ခဲ့ခြင်းပင်တည်း၊ အနှီဦးသန်းရွှေကား ခေသူမဟုတ်။ ကင်ဂျုံအီးကို အားကျနေသူဖြစ်ပြီး သူသည် နှစ်စဉ် ထုတ်ပြန်သော ကမ္ဘာ့မင်းဆိုး မင်းညစ်စာရင်းတွင် ထိပ်တန်းက အမြဲနေရာရနေသူ ဖြစ်ပေသည်၊ သူသည် ကမ္ဘာတွင် ပေါ်ထွန်းခဲ့သာ စနစ်ဆိုးမျိုးစုံ စရိုက်လက္ခဏာမျိုးစုံကို ပုံတူကူးချထားသော ခေတ်မီ အာဏာရှင်လေလား သို့မဟုတ် ပဒေသရာဇ် ဧကရာဇ်တွေကို အားကျနေသော ဘုရင်ရူးတယောက်လေလား ဆိုသည်ကိုတော့ ခေတ်သစ် သမိုင်းပညာရှင်များက များမကြာမီ မှတ်တမ်းတင်ကြပေလိမ့်မည်၊

မြန်မာပြည်ကား အခြားသောတိုင်းပြည်များနှင့် အခြေခံတည်ဆောက်ထားပုံချင်း မတူညီသော အချက်တခုမှာ ဘာသာရေးနှင့် ယဉ်ကျေးမှုအဆောက်အဦပင် ဖြစ်သည်၊ ရာနှင့်ချီသော မျိုးနွယ်စုကွဲများကြားတွင် မတူညီသော ကိုးကွယ်ဆည်းကပ်မှုများ ရှိသော်လည်း အကုသိုလ်မှုကို ပြုလုပ်သူအတွက် ဘ၀မကူးဘဲ ယခုဘ၀တွင်ပင် လက်ငင်း အကျိုးပေးသည် ဟုစွဲမြဲစွာ ယုံကြည်ကြခြင်းပင်၊ (ကာလ၀ိပါက် နောက်ပိုးတက်) ဟူသော စကားပုံအတိုင်း မင်းဆိုးမင်းညစ်တို့သည် ဘ၀နိဂုံးနေ၀င်ချိန်တွင် ရုပ်ပျက် ဆင်းပျက် ဖြစ်သွားခဲ့သည်ချည်းဖြစ်၏၊ နေ၀င်း။ စောမောင်။ ခင်ညွန့် စသော အဆိပ်ပြင်းလှသည့် မင်းဆိုးမင်းညစ်တို့က ရှေ့က သက်သေ ပြခဲ့ပြီးဖြစ်သည်၊

ယခုတဖန် အလှည့်ကျသူကား နောက်ဆုံး ဖြစ်ဟန်တူသည့် ဦးသန်းရွှေဖြစ်၏။ သူ့လက်ထက်တွင် အရာအားလုံး ပျက်သုဉ်းခဲ့ပြီး ဖြစ်သည်။ သို့သော် သူကားသိရှိဟန်မတူ၊ အနားတွင် ခစားနေကြသော ဗေဒင်ပညာရှင်များ ဘိုးတော် ဘွားတော်များ အကြားအမြင်အရ ဟောပြော ညွှန်ကြားချက်အောက်တွင် မိမိကိုယ်ကို လုံအောင် ပုန်းအောင်းလျက်ရှိသည်၊ ပြည်သူများ ဒုက္ခပင်လယ် ဝေနေသည်ကို ဥပေက္ခာ ပြုနိုင်သည်၊ ပြည်သူ. အကျိုးကို လျစ်လျူရှုနိုင်သည်၊ တိုင်းသူပြည်သားများ၏ ဒုက္ခကို ဦးသန်းရွှေ အရေးမစိုက်သော်လည်း လူသားအရေးကို ဥပေက္ခာ မပြုနိုင်သော သူများလည်း ကမ္ဘာပေါ်တွင် ရှိပါသည်၊

အလားတူ မင်းဆိုးမင်းညစ်ကို ဖယ်ရှားပစ်လိုသော်လည်း အားမတန် မာန်လျှော့နေကြရသည့် သူများရှိသည်။ ၄င်းတို့သည် စစ်အာဏာရှင် စနစ်ဆိုးကို ဖယ်ရှားပေးမည့် ကယ်တင်ရှင် ကိုရွှေဘမျာကိုတော့ မျှော်လင့်နေခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်၊ နအဖ န၀တ စစ်အာဏာရှင် သက်တမ်း အနှစ် ၂၀ အတွင်း ကယ်တင်ရှင် ကိုရွှေဘများက ရွာကိုဝင်ရန် အကြိမ်ကြိမ် ချိန်ခဲ့သော်လည်း အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် လက်ပိုက်ကြည့်နေခဲ့ကြရ၏။

ယခုတော့ အရင်ကလို မဟုတ်တော့ပြီ။ မီးစိမ်းတချက်အပြကို စောင့်ဆိုင်းနေကြလေပြီ၊ လူသားကို ဒုက္ခပေးခဲ့သော သဘာဝဘေးဒဏ်ကို အကူအညီပေးရန် လူသားပီသစွာ လူအချင်းချင်း အကူအညီပေးရမည့် တာဝန်ကို ထမ်းရွက်ရန် မြန်မာ့ရေပိုင်နက် မြန်မာ့မြေပြင် မြန်မာဝေဟင်နှင့် အနီးဆုံးမျဉ်းနားတွင် အဆင်သင့်ရောက်ရှိနေကြပေပြီ၊ တရုတ် ရုရှား အားကိုးဖြင့် အမိုက်ဇာတ်ကို ဆက်ခင်းနေသော ဦးသန်းရွှေနှင့် သူ.နောက်လိုက်များအတွက် တရုတ်နှင့် ရုရှားတို့၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ လူသားကို ကာကွယ်ရမည်ဟူသော စကားကို အကောင်အထည်ဖော်ရန် များမကြာမီအချိန်တိုအတွင်း ဆုံးဖြတ်ကြပေတော့မည်။

လူသားကို နာဂစ်က သတ်ခဲ့သည်။ နာဂစ်ကြောင့် ဒုက္ခရောက်နေသူများကို စစ်အုပ်စုက ထပ်သတ်နေ၏။ ဒုကျှသည်များစားရန် ရိက္ခာကို တဖန် ခိုးသားငါးရာက လုယက်ကြပြန်သည်၊ မသာပါစပ်မှ ကုတို့ခ တမတ်ကိုပင် ချမ်းသာမပေးကြတော့၊ ကျွန်ုပ်တို့ငယ်စဉ်က သင်ယူခဲ့ရသော အောင်ခြင်းရှစ်ပါးတွင် မြတ်ဗုဒ္ဓက သစဏကပုရဗိုဇ်ကို ချွတ်ရာတွင် ဇွတ်တင်းခံနေသော မိစ္ဆာဝါဒီ သစ္စကကို သိကြားမင်းက တင်းပုတ်ကြီးပြ ချေချွတ်ခဲ့ရပါသည်၊ သစ္စကကား သိကြားမင်း. တင်းပုတ်ကို လန့်ကာ အရှုံးပေးခဲ့လေ၏၊

ဦးသန်းရွှေ၏ ပုံကား တင်းပုတ်ပြရုံဖြင့် ရအံ့မထင်။ တင်းပုတ်နှင့်ထုမှသာ အဆင်ပြေမည့် သဘောရှိ၏၊ မည်သို့ပင်ဖြစ်စေ ယနေ့ အခင်းအကျင်းကား မြန်မာ့ဇာတ်ခုံမှ ကိုလူကြမ်းတို့ နောက်ကျသည့် ခြေထောက်သစ္စာဖောက် လုပ်ရမည့်အချိန်ဖြစ်ပေသည်၊ စစ်အုပ်စုတို့ နေ၀င်ချိန်ဟုတ် မဟုတ်ဆိုသည်ကိုကား အားလုံး စိတ်အားထက်သန်စွာ ကြည့်ရှုနေကြပေပြီ၊

Posted by Arakan News at 9:36 AM 0 comments